Get Karen Font
Online user(s) :

16 November 2009

ကရင့်ကောက်သစ်စားပွဲ

အရှေ့ပိုးကရင်အခေါ် (အင်း္ဘူးသင့်ခေါဟ်) အောင်းဗူးသောင့်ခွတ်သည် ကောက်သစ်စားခြင်းဖြစ်သည်။ ကရင်လူမျိုးတို့တွင် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းမှ သီးနှံများပေါ်လာသောအခါ ကောက်သစ်စားပွဲကို အစဉ်အလာတစ်ရပ်အဖြစ် ပြုလုပ်လေ့ရှိသည်။

အရှေ့ပိုးကရင်လူမျိုးတို့တွင် တစ်ရွာတစ်ပုဒ်ဆန်း တစ်ကျောင်းတစ်ဂါထာဆိုသလို ကောက်သစ်စားခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံပြုလုပ်ကြလေသည်။ အချို့ကတစ်အိမ်ထောင်ခြင်း၊ တစ်ဦးခြင်း အချို့က ရွာအလိုက်စုပေါင်း၍ ကောက်သစ်စားပွဲပြုလုပ်ကြသည်။ သို့ရာတွင်လုပ်ထုံးလုပ်နည်းများ အနည်းငယ်ကွဲလွဲနေခြင်းမှအပ ရည်ရွယ်ချက်နှင့် ရိုးရာအစဉ်အလာတို့မှာ အတူတူပင်ဖြစ်၏။ ရှေးအခါက ကောင်သစ်စားပွဲ ပြုလုပ်ရာတွင် တစ်ဒေသနှင့် တစ်ဒေသ အချိန်ကာလအားဖြင့် မတူညီကြချေ။ ကောက်စောကောက်လျှင် ထွက်သောဒေသတွင် နတ်တော်လဆန်းမှ အစပြု၍ ပြုလုပ်ကြသည်။ အချို့သောဒေသတွင် စပါးများရိတ်သိမ်းပြီးသည့် ပြာသိုလဆန်းတွင် ပြုလုပ်ကြသည်။

တူညီသောအချက်တစ်ချက်မှာ လဆန်းရက်တွင်သာ ကောက်သစ်စားပွဲပြုလုပ်လေ့ရှိပြီး လဆုတ်ရက်များတွင် ပြုလုပ်ခြင်းမရှိကြချေ။ ယခုအခါ အများစုတို့က လက်ယာလုပ်ငန်းများရိတ်သိမ်းပြီးသည့် ပြာသိုလဆန်းတွင် ပြုကြသည်။ မျက်မှောက်တွင် ပြာသိုလဆန်း ၁ ရက်နေ့သည် တရားဝင်ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ပြဌာန်းလျက်ရှိရာ နှစ်သစ်ကူးကျင်းပရင်း ကောက်သစ်စားပွဲကို တခမ်းတနားပြုလုပ်ကြလေသည်။ သို့ဖြင့် ကရင်ကောက်သစ်စားပွဲသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် တည်ရှိလာပေသည်။

ကောက်သစ်စားပွဲ ပြုလုပ်တော့မည်ဆိုပါက တစ်ရက်ကြိုတင်၍ မနက်စောစောအချိန်တွင် စပါးကျီမှ ကောက်ဦးစပါး ကောက်ညှင်းတို့ကိုထုတ်ယူပြီး နေလှန်းရလေသည်။ နေလှန်းပြီးစပါးများကိုဖွတ်ထောင်းရန် ဆုံနှင့် ကျည်ပွေ့က မင်္ဂလာကျက်သရေရှိစေရန် ပြုပြင်ရသည်။ ဆုံနှင့်ကျည်ပွေ့ကို မင်္ဂလာကျက်သရေရှိစေရန် ပြုရာတွင် ဆုံ၏ခါးလည်၊ ကျည်ပွေ့၏ခါးလည်တွင် (ထောဟ်ကာင်ကောဝ်ယောဟ်) ထူးကိုင်ကွတ်ညွန့် ခေါ် ဍရင်ကောက်နွယ်ဖြင့် ရစ်ပတ်လိုက်ရသည်။ ထိုသို့ရစ်ပတ်နေစဉ် ကျက်သရေတိုးတက်ပါစေ၊ မင်္ဂလာရှိပါစေ ဘေးကင်းရန်ကင်းရှိပါစေဟူ၍ ဆုတောက်းပတ္ထာနာပြုကြသည်။ ဍရင်ကောက်နွယ်ကို မင်္ဂလာအဖြစ်အသုံးပြုခြင်းမှာ ဍရင်ကောက်နွယ်သည် နွေမိုးဆောင်း ဥတုသုံးလီ ရှင်သန်ပြီးညိုနွမ်ခြင်းမရှိသဖြင့် အစဉ်အဆက် မြဲသည့်သဘော အမြဲတမ်းစိမ်းလမ်းစိုပြေ၍ ကျက်သရေရှိသည့်သဘော ဖြစ်သည်ဟုရှေးလူကြီးများက ဖွင့်ဆိုထားခဲ့သည်။ နေလှန်းသောစပါး သို့မဟုတ် ကောက်ညှင်းတို့ကို မင်္ဂလာပြုထားသောဆုံနှင့် မင်္ဂလာပြုထားသောကျည်ပွေ့တို့ဖြင့်သာ ဆန်ဖြူဖြစ်အောင်ထောင်းယူရသည်။ စပါးကိုဆန်လုံးတီးအဖြစ် တစ်ဆင့်ကြိတ်ယူခြင်း မပြုရချေ။ မင်္ဂလာပြုထားသော ဆန်ဖြူ သို့မဟုတ် ကောက်ညှင်းကိုသာ ချက်ပြုတ်ပြီး ကောက်သစ်စားရသည်။အခြားဆန်ဖြူ ကောက်ညှင်းဆန်တို့ဖြင့် ချက်ပြုတ်စားသောက်ပါက ကောက်သစ်စားပွဲမမြောက်တော့ချေ။

ကောက်သစ်စားပွဲတွင် ဟင်းလျာအဖြစ် ပိန်းဥနှင့်ခရုရောချက်သောဟင်း ထိုသို့မရရှိပါက ဖားသားနှင့်ပိန်းဥရောချက်သောဟင်း ပါရှိသည်။ အခြားသော ဟင်းလျာတို့ဖြင့် စားသောက်နိုင်သော်လည်း ဟင်းရန်အဖြစ်သာထားရသည်။ ကောက်သစ်စားပွဲ စားသောက်ဝိုင်းတွင် ကောက်သစ်ထမင်းနှင့် ပိန်းဥခရုဟင်းကိုသာ စားသောက်ကျင်းပရသည်။ ''ဃှူးထီၟ ဍေခေႜာဟ် အင်းဖံင့်ဍိင် ဖႜုံအင်း္ဘူးသင့် မင်းယူယိင်'' အဓိပ္ပာယ်မှာ ပိန်းဥနှင့်ခရုရောချက်သော ဟင်းလျာမြိန်တို့ဖြင့် ကရင်လူမျိုးတို့ ပျော်ရွှင်ချမ်းမြေ့စွာ ကောက်သစ်စားကြသည်ဟူ၍ဖြစ်သည်။ ရှေးလူကြီးများဆိုအရ ပိန်းဥသည်တစ်နွေပတ်လုံး နေပူထဲရှိ၍ ခြောက်နေသော်လည်း မိုဦးကျ၍ အစိုဓါတ်နှင့်ထိလျှင် အပင်ပေါက်မြဲရှိသည်။ ဥတုသုံးပါး ခံနိုင်သော သတ္တိရှိသည်။ ထိုဥတို့ဖြင့်မင်္ဂလာယူပြီး ကောက်သစ်စားပွဲတွင် ဟင်းလျာအဖြစ် စားသုံးပါက အမျိုးစဉ်ဆက် မျိုးဆက်မပျက်နိုင်ဘဲ တည်တံ့နိုင်သည်ဟု နိမိတ်ယူသည်။ ခရုနှင့်ဖားတို့မှာလည်း နွေရာသီတွင် အင်းအိုင်များ ခန်းခြောက်စေကာမူ မြေအောက်ပတ်ကြားအက်တို့တွင် အောင်းနေပြီး မိုးဦးကျလျှင် ပြန်၍ပေါ်လာနိုင်သဖြင့် ဥတုသုံးပါးကို ခံနိုင်သော သတ္တ၀ါဖြစ်သည်။ ယင်းသည်လည်း အမျိုးစဉ်ဆက် တည်တံ့၍ တနည်းမှာလည်း ရှာ၍ရလွယ်သောကြောင့် ကောက်သစ်မင်္ဂလာ ဟင်းလျာအဖြစ် ရွေးချယ်ရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ကောက်သစ်စားပွဲတွင် အရှေ့ဘက် နေ၀န်းထွက်ပြူစ ပြုလျှင်ပြုချင်း စတင်ရသည်။ အလင်းရောင်ရလျှင်ရချင်း စတင်စားသောက်ခြင်း ပြုရသည်။ ကောက်သစ်ထမင်းနှင့်ဟင်းကို ဦးစွာခူးခပ်၍ ဘုန်းတော်ကြီးကျောင်းသို့ပို့ကြသည်။ ကောက်သစ်စားပွဲတွင် လူစုံပြီရှိသည့်အခါ ထမင်းနှင့်ဟင်းများကို လင်ပန်းသို့မဟုတ် ဒေါင်းလန်းတစ်ချပ်တွင်ထည့်လိုက်သည်။ ကောက်ညှင်းထုပ် ခွက်ပြင်များကိုရော၍ ထည့်လိုက်သည်။ ကောက်သစ်စားခြင်းမပြုမီ ဆုတောင်းပတ္ထနာပြုရာတွင်-

ယခုလို ကောက်ဦးကောက်ဖျားသီးနှံတို့ဖြင့် ရဟန်းသံဃာများ သက်ကြီးရွယ်အိုတို့အား စားဦးစားဖျား ကျွေးမွေးရသောအကျိုးကြောင့် ဘုန်းတန်ခိုးကြီး၍ အသက်ရှည်ပါစေ၊ အနာရောဂါကင်း၍ ကျန်းမာသန်စွမ်းပါစေ၊ ကြီးပွားတိုးတက်၍ အိမ်သူအိမ်သားအားလုံးအားကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း ပြည့်ဝပါစေ၊ ကောက်သီးကောက်နှံများ ပေါကြွယ်ဝပါစေဟူသော အဓိပ္ပာယ်ဆောင်သည့် ဆုတောင်းများကို ပြုကြသည်။ ထို့နောက်အဘိုးအဘွားတို့က ကောက်သစ်ထမင်း ကောက်ဦးဟင်းကို အနည်းငယ်စီ စားသောက်ကြသည်။ ထိုသို့ ကောက်သစ်ထမင်းဟင်းကို စတိသဘောဖြင့် စားသောက်ပြီး အခြားသောဟင်းရန်တို့ဖြင့် တပျော်တပါးစွမ်းနိုင်သလောက် ကျွေးမွေးကြလေသည်။ ကောက်သစ်ထမင်း ကောက်ဦးဟင်းကို စားသောက်ရခြင်းဖြင့် အထက်ဆုတောင်းချက်အတိုင်း ခံစားရရှိ၍ ကောက်သစ်စားပွဲတွင် ရွာသူရွာသားများ သွားရောက်စားသောက်လေ့ရှိသည်။ အချို့သောဒေသတွင် စုပေါင်းကောက်သစ်ပွဲ ကျင်းပရာ၌ အကြိုနေ့ညတွင် အတီးအမှုတ် အကအခုန် ဒုံးတို့ဖြင့် ညဦးပိုင်းတွင် ကပြဖျော်ဖြေပြီး ညနက်ပိုင်းတွင် ဆ်ုအာင်လင် (ခေါ်)တေးသီးပွဲ (၀ါ) အောပွဲကို ကျင်းပကြလေသည်။ နံနက်နေထွက်စအချိန်တွင် ကောက်သစ်စားပွဲကို တပျော်ပေါးစားသောက်ကြလေသည်။


Poison

0 comments:

Justice
Freedom

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP